International News

ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများညီလာခံ (The World Trade Promotion Organizations Conference, WTPO Conference)

Last Updated:

ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများညီလာခံ(The World Trade Promotion Organizations Conference, WTPO Conference)ကို ၁၉၉၆ ခုနှစ်မှ စတင်၍ နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါညီလာခံကို ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတို့၏ ပူးပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(ITC)က ကမကထပြု၍ အစည်းအဝေးလက်ခံကျင်းပသောနိုင်ငံရှိ ကုန်သွယ်မှုမြှင့်တင်ရေးဌာန သို့မဟုတ် အဖွဲ့အစည်းတို့က ပူးပေါင်းစီစဉ်ကျင်းပကြခြင်းဖြစ်ပါသည်။ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ ကမ္ဘာအရပ်ရပ်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ၏ အလေ့အကျင့်ကောင်းများကို ဝေမျှတိုက်တွန်းအားပေးရန်၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း အချင်းချင်းအ ကြား အသိအမြင်များဖလှယ်ရယူရန်နှင့် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဆိုပါအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ပထမဦးဆုံးအကြိမ်ညီလာခံကို ၁၉၉၆ ခုနှစ်က ကိုလံဘီယာနိုင်ငံ၊ ကာတက်ဂျီနာမြို့၌ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ချီလီနိုင်ငံ၊ ၂၀၀၀ ပြည့်နှစ်တွင် မော်ရိုကိုနိုင်ငံ၊ ၂၀၀၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တို့၌ အသီးအသီး ကျင်းပပြုလုပ်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ်က ဥရောပတိုက်ရှိ မိုလ်တာကျွန်းနိုင်ငံတွင် ကျင်းပြုလုပ်ခဲ့သော (၅) ကြိမ်မြောက် ညီလာခံမှ စတင်၍ ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများဆု (The World Trade Promotion Organizations Award, WTPO Award) ကို ညီလာခံနှင့်အတူ ပူးတွဲချီးမြှင့်ပေးခဲ့သည်။ အဆိုပါ ဆုကို ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနယ်ပယ်တို့တွင် ဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများကို နှစ်စဉ်ရွေးချယ်၍ အသိအမှတ်ပြုချီးမြှင့်ပေးခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာနိုင်ငံများမှ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ အဆိုပါဆုအား ပါဝင်ယှဉ်ပြိုင် လျှောက်ထားနိုင်သည်။

(၁၃) ကြိမ်မြောက် (WTPO Conference ) ညီလာခံကို ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဂါနာနိုင်ငံ၊ အာကာရာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ကမ္ဘာအရပ်ရပ်မှ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အစည်းနှင့် အစိုးရဌာနများအပါအဝင် စုစုပေါင်းအဖွဲ့အစည်း (၈၀) နီးပါးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ မော်ရိုကိုနိုင်ငံ၊ မာရာကက်ချ်မြို့၌ကျင်းပသော (၁၀) ကြိမ်မြောက် ညီလာခံနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပသော (၁၁) ကြိမ်မြောက် ညီလာခံတို့တွင် ပါဝင်တက်ရောက်ခဲ့ပါသည်။

Source: Internet Websites

ကောင်းထွဋ်အောင် (ကုန်သွယ်/ ဖွံ့ဖြိုး)

Category: International News